ourbodiesspeakthetruth
  • ဗမာစာ
  • English
Naw Yi Aye
Naw Yi Aye

Naw Yi Aye

ကလေးဘဝ

နော်ရီအေးသည် ကရင်ပြည်နယ်တွင်းက ဝေးလံခေါင်ပါးသည့် ကျေးရွာတစ်ရွာတွင် ကြီးပြင်းခဲ့ပြီး မွေးချင်း ၅ ဦးထဲတွင် တတိယမြောက်ဖြစ်ပါသည်။ ရွာမှ သူငယ်ချင်းများနှင့်အတူ သီချင်းများဆိုပြီး ဆော့ကစားခဲ့သည့် ပျော်စရာကောင်းလှသော ကလေးဘဝကို သူမ မှတ်မိနေသေးသည်။ သူမအသက် ၄ နှစ်အရောက်တွင် သူမ၏ မိဘများကွယ်လွန်သွားကြသည်။ ထို့နောက် သူမ၏ ညီမအငယ်ဆုံးကို အခြားမိသားစုတစုက မွေးစားရန် ခေါ်ဆောင်သွားကြသောအခါတွင် အလွန်ကြေကွဲခဲ့ရပါသည်။ သူမနှင့် သူမ၏ အခြားမောင်နှမများမှာ အဘိုးအဘွားများနှင့်အတူ သွားရောက်နေထိုင်ခဲ့ကြရသည်။ သူမနေထိုင်ရာဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့မှာ မီးရှို့ခံခဲ့ရသည်။ အနီးဆုံးသော စာသင်ကျောင်းမှာ အလွန်ဝေးသောရွာတွင်သာ တည်ရှိနေသောကြောင့် သူမအတွက် ပညာသင်ကြားရန်မှာ အလွန်ခက်ခဲပါသည်။ ထို့ကြောင့် သူမသည် စာမသင်ခဲ့ရပဲ အိမ်ရှိ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးခြင်း၊ ကျွဲနွားများကို ကျောင်းခြင်းဖြင့် ကြီးပြင်းလာခဲ့ရပါသည်။ သူမအသက် ၂၀ နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ထိုကာလကို သူမအတွက် အလွန်ပျော်စရာကောင်းသည့် အချိန်ကာလအဖြစ် တန်ဖိုးထားအမှတ်ရနေပါသည်။ သူမတွင် ကလေး ၃ ဦးရှိပါသည်။

လူကြီးဘဝ

ကရင်စစ်သားတစ်ဦးဖြစ်သော နော်ရီအေး၏ ခင်ပွန်းသည် ၁၉၉၀ ခုနှစ်များအတွင်းက မြန်မာစစ်တပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါသည်။ သူမ၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်တွင် နော်ရီအေးနှင့် သူမ၏ မိသားစုသည် အသက်ဆက်ရှင်သန်ရေးအတွက် လုံးပမ်းခဲ့ရသည်။ နော်ရီအေးသည် ကျေးရွာသူကြီးအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ကျေးရွာလုံခြုံရေးအစောင့်အဖြစ် ကျေးရွာမှ အမျိုးသမီးများကို သူမက ဦးဆောင်ခဲ့ပြီး ဖြတ်သန်းသွားလာကြသော စစ်သားများနှင့် ဆက်သွယ်ပြောဆိုရာတွင်လည်း ဦးဆောင်ခဲ့ရသည်။ မြန်မာစစ်တပ်က သူမ၏ ကျေးရွာကို လာရောက်သောအခါတွင် ရိက္ခာအတွက် ကြက်များ၊ ဝက်များနှင့် နွားများကိုတောင်းဆိုကြသည်။ နော်ရီအေးနှင့် အခြားအမျိုးသမီးများက ရိက္ခာများကို သူတို့၏ အခြေစိုက်စခန်းအထိ သယ်ယူပို့ဆောင်ပေးခဲ့ရသည်။ အခြားအချိန်များတွင် မြန်မာစစ်သားများက နော်ရီအေးနှင့် ရွာသားများအား ကရင်စစ်သားများအကြောင်း မေးမြန်းကြသည်။ အကယ်၍ သတင်းအချက်အလက်များ ပေးရန် ငြင်းဆန်ပါက ရိုက်နက်ခံရသည်။ နော်ရီအေး၏ တူတော်စပ်သူကိုလည်း မြန်မာစစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ သူမအနေဖြင့် အခက်အခဲပေါင်း မြောက်များစွာကို ဖြတ်ကျော်ခဲ့ရပြီး အသက်ရှင်သန်လွတ်မြောက်ခဲ့ခြင်းအတွက် ပျော်ရွင်ကြောင်း ပြောပြသည်။ နော်ရီအေးသည် ကျေးရွာသူကြီးအဖြစ်မှ ၂၀၁၂ ခုနှစ်တွင် အနားယူခဲ့ပြီး သူမတတ်နိုင်သောနေရာများတွင် ဆက်လက်ကူညီပေးလျှက်ရှိသည်။ သူမသည် မိဘမဲ့ကလေး ၅ ဦးကို ပြုစုစောင့်ရှောက်နေပါသည်။

ခန္ဓာကိုယ်

နော်ရီအေး၏ ဦးခေါင်းနှင့် ဘယ်လက်မပေါ်မှ အမာရွတ်များသည် သူမကျေးရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မြန်မာစစ်တပ်က ရိုက်နှက်နှိပ်စက်မှုများ၏ သက်သေများပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဘဝတစ်လျှောက်လုံး လယ်ယာများကို အချိန်ပေးအလုပ်လုပ်ခဲ့ရခြင်းမှ ရရှိခဲ့သည် ဒဏ်ရာအမာရွတ်များနှင့် အမှတ်များရှိပြီး နောက်ပိုင်းတွင် အသားပိုများအဖြစ် ပွားများလာခြင်းကြောင့် ဖြတ်တောက်ဖယ်ထုတ်ခဲ့ရသည်။ သူမကိုယ် သူမ လှပစေရန် ငှက်နှင့် ဥဒေါင်းပုံ ဆေးမင်ကြောင်တက်တူးများရေးထိုးပြီး စိတ်ကိုဖြေသိမ့်ခဲ့ရသည်။

“ကျွန်မက သစ်ပင်တစ်ပင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ကျွန်မရဲ့ ကလေးတွေ၊ မြေးတွေနဲ့ ကျွန်မရဲ့ အသိုက်အဝန်းကို ကာကွယ်ပေးပြီးတော့ အထောက်အပံ့ပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်”

မျှော်လင့်ချက်များနှင့် အိပ်မက်များ

ခန္ဓာကိုယ်မြေပုံကားချပ်တွင် ရေးဆွဲခဲ့သည့်အတိုင်း နော်ရီအေးသည် ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ရန်နှင့် သူမ၏ ကျေးရွာအသိုက်အဝန်းအတွက် ကျောင်းအဆောက်အဦတစ်ခု ဆောက်လုပ်နိုင်ရန် မျော်လင့်နေပါသည်။ ထို့အပြင် သူမ၏နိုင်ငံ ငြိမ်းချမ်းစေရန် ဆန္ဒပြုကြောင်း ပြောပါသည်။