ourbodiesspeakthetruth
  • ဗမာစာ
  • English
ခင်အုန်းကြည
ခင်အုန်းကြည

ခင်အုန်းကြည

ကလေးဘဝ

တအာန်းလူမျိုးတစ်ဦးဖြစ်သည့် ခင်အုန်းကြည်၏ ဘဝသည် ပဋိပက္ခနှင့် သက်ဆိုင်သော အကြမ်းဖက်မှုများနှင့် သူမ၏ဘာသာတရားကို နက်ရှိုင်းစွာကိုင်းရှိုင်းမှုတို့ဖြင့် ပုံဖော်ထုဆစ် ထားပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သေးငယ်သော ဥယာဉ်ခြံမြေနှင့် လက်ဖက်ခြံတွင် မွေးဖွားခဲ့ပြီး မိသားစုက မွေးမြူထားသော ကြက်များနှင့် ဝက်များကို ချစ်မြတ်နိုးပါသည်။ သူမနေထိုင်ရာ ဒေသအတွင်း တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခဲ့သည်။ အစားအစာများကို ရှာဖွေရန် ခက်ခဲသောအချိန်များတွင် သူမ၏ မိသားစုသည် ဆန်နှင့် ကြက်ဟင်းခါးသီး ကိုသာ စားသောက်ခဲ့ရပါသည်။

ကလေးဘဝ

ရွာကျောင်းတွင် တက်ရောက်နေစဥ် သူမစတုတ္ထတန်းအရောက်တွင် ဖခင်ဖြစ်သူသည် ရှမ်းစစ်တပ်အတွက် ပေါ်တာအထမ်းလိုက်ပေးရင်း သေဆုံးသွားခဲ့ပြီးနောက် ခင်အုန်းကြည်၏ ဘဝသည် ပြောင်းလဲသွားခဲ့သည်။ ကျောင်းစရိတ်များ ပေးရန် ငွေကြေးမရှိသောကြောင့် သူမသည် သီလရှင်တစ်ဦးဖြစ်လာပြီး သီလရှင်ကျောင်းတွင် ပါဠိစာပေကို သင်ယူခဲ့ရပါသည်။ သူမ အသက် ၁၇ နှစ်ပြည့်သောအခါ သီလရှင်အဖြစ် ဆက်လက်မနေထိုင်လိုတော့ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ သူမ၏ ဆံပင်ကို အရှည်ထားခဲ့ပြီး အသက် ၂၃ နှစ်ပြည့်သောအခါတွင် ထိမ်းမြားလက်ထပ်ကာ ကလေးနှစ်ဦး မွေးဖွားခဲ့ပါသည်။

လူကြီးဘဝ

သူမ၏ အိမ်ထောင်ရေး အစောပိုင်းနှစ်များသည် သာယာပျော်ရွင်စရာကောင်းခဲ့ပါသည်။ သူမ၏ ခင်ပွန်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး မိသားစုသည် အသက်ရှင်ရေးအတွက် ငွေကြေးလုံလောက်ခဲ့ကာ ငွေကြေးအချို့ကိုပင် စုဆောင်းနိုင်ခဲ့ပါသည်။ သို့သော် သူမ၏ ခင်ပွန်းဖြစ်သူအိမ်ပြန်လာစဉ်အတွင်း လူမျိုးစုလက်နက်ကိုင်စစ်တပ်အတွင်းသို့ တာဝန်ထမ်းဆောင်ရန် ခေါ်ဆောင်ခံခဲ့ရပြီးနောက် သူမဘဝသည်လည်း ထပ်မံပြောင်းလဲ သွားခဲ့သည်။ တစ်နေ့တွင် ခင်အုန်းကြည်နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ မော်တော်ဆိုင်ကယ် စီးနင်းလာစဉ်အတွင်း မြေမြုပ်မိုင်းတစ်ခုကို တိုက်မိကြသည်။ သူမ၏ ခင်ပွန်းဖြစ်သူ၏ ခြေထောက်မှာ ပေါက်ကွဲကြေမွသွားပြီး သူမသည်လည်း ဒဏ်ရာများရရှိခဲ့ကာ မော်တော်ဆိုင်ကယ်မှာလည်း ပျက်စီးသွားသည်။ မိသားစုက စုဆောင်းထားသမျှ ငွေကြေးများအားလုံး ဆေးကုသစရိတ်အတွက် အသုံးပြုလိုက်ကြရသည်။ သူမ၏ ခင်ပွန်းဖြစ်သူမှာ ဒဏ်ရာများ ရရှိထားသော်လည်း စစ်တပ်အတွင်းသို့ တာဝန်ထမ်းဆောင်ရန် ပြန်လည်ခေါ်ဆောင်ခံရသည်။ ခင်အုန်းကြည်သည် အိမ်ထောင်ဦးစီးဖြစ်လာကာ သူမ၏ ကလေးများနှင့် အသက်ကြီးရင့်ပြီဖြစ်သော မိခင်ဖြစ်သူကို စောင့်ရှောက်ရန် အိမ်အလုပ်များအားလုံးနှင့် စိုက်ပျိုးရေးခြံတို့တွင် အလုပ်လုပ်ခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ သားများသည် အလွန်ဝေးကွာသော မြို့တစ်ခုရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတစ်ခုတွင် တက်ရောက်သင်ယူနေပါသည်။

ခန္ဓာကိုယ်

သူမ၏ ခန္ဓာကိုယ်တွင် ကိုယ်ဝန်ဆောင်ခြင်းကြောင့်ရရှိသည့်အမာရွတ်များအပြင် မြေမြုပ်မိုင်းဒဏ်ရာအမာရွတ်များရှိနေသည်။ မိုင်းဒဏ်ကြောင့် အာရုံကြောကို နာကျင်မှုစေပြီး ဆောင်းရာသီတွင် ပိုမိုဆိုးရွားစွာ ခံစားရလျှက် ရှိသည်။

“ကျွန်မရဲ့ သင်္ကေတ ကတော့ ပန်းတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားကို ဆုတောင်းတဲ့အခါမှာ ကျွန်မတို့ ပန်းပွင့်များနဲ့ ပူဇော်ပါတယ်။ ပန်းက ချစ်ခြင်းမေတ္တာကို ပေးပါတယ်။ ပြီးတော့ ပန်းတွေက လူတွေကို ကူညီပေးတယ်။ ဒါက ကျွန်မကို ထင်ဟပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဗုဒ္ဓမြတ်စွာဘုရားထံ အမြဲဆုတောင်းတယ်။ ကျွန်မအမြဲ ပူဇော်ဆက်ကပ်တယ်။ ကျွန်မက ဘာသာတရား ကိုင်းရှိုင်းသူပဲ ဖြစ်ပါတယ်။”

မျှော်လင့်ချက်များနှင့် အိပ်မက်များ

အခြားအမျိုးသမီး ရှင်သန်လွတ်မြောက်သူများနှင့် တွေ့ဆုံကြသည့်အခါတွင် “အရှုံးမပေးရန်” အားပေးခံရသလို ခင်အုန်းကြည်သည်လည်း သူမ၏ ခင်ပွန်းသည် ပြန်လာမည့်အချိန်၊ မိသားစုဝင်များနှင့် ပြည့်စုံစွာ နေထိုင်ရမည့်နေ့ကို တမ်းတမျှော်လင့်လျှက်ရှိသည်။ တိုက်ပွဲများ လုံးဝ မရှိတော့သည့် တစ်နေ့ကို သူမအိပ်မက်မက်လျှက်ရှိသည်။