ourbodiesspeakthetruth
  • ဗမာစာ
  • English
အားထွယ်
အားထွယ်

အားထွယ်

ကလေးဘဝ

အားထွယ်ကို ကချင်ပြည်နယ်တွင်းရှိ ပြည်သူ့ဝန်ဆောင်မှု အဆောက်အဦများ လုံးဝမရှိသော တောတောင်ထူထပ်သည့် ကျေးရွာတစ်ခုတွင် မွေးဖွားခဲ့ပြီး သူမအသက် ၅ နှစ်တွင် မြို့ကြီးတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုမြို့တွင် သူမစာသင်ကျောင်းတက်ခွင့်ရရှိခဲ့ပြီး ဘာသာစကားလေ့လာသင်ကြားခြင်းနှင့် သူငယ်ချင်းများနှင့် ဆော့ကစားရခြင်း ကိုအင်မတန်နှစ်ခြိုက်ခဲ့သည်။ သူမ၏ အချစ်ဦးဖြစ်သူကို အခြေခံပညာအထက်တန်းကျောင်းတွင် တွေ့ဆုံခဲ့သော်လည်း ထိုသူမှာ မြန်မာစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုအချိန်ကာလအတွင်း သူမ၏အမြင်အာရုံချို့ယွင်းမှုကြောင့် ကျောင်းထွက်လိုက်ရပါသည်။ သူမသည် စက်ချုပ်အတတ်ပညာကို သင်ယူခဲ့သော်လည်း စိတ်ဝင်စားမှု မရှိခဲ့ပါ။

လူကြီးဘဝ

အသက် ၁၈ နှစ်တွင် ပျော်ရွှင်စွာ အိမ်ထောင်ကျခဲ့ပြီး သူမ၏ တစ်ဦးတည်းသော သမီးလေးကို မွေးဖွားခဲ့ပါသည်။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူမ၏ ခင်ပွန်းကို မြန်မာစစ်တပ်က ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုအချိန်မှစတင်ကာ မည်သည့်သတင်းမှ မကြားရတော့ပါ။ သူမ၏ ခင်ပွန်းမည်သည့်နေရာတွင် ရောက်ရှိနေကြောင်း အားထွယ်သိရှိလိုသည်။ သူမအသက်ရှင်သန်နိုင်ရန်အတွက် ခိုင်မာသောစိတ်ဓာတ်နှင့် ခွန်အားများကို မွေးမြူခဲ့ရကြောင်းပြောပြသည်။ သူမနေထိုင်ရာ ဒေသအတွင်း တိုက်ပွဲများ မြင့်တက်လာသောအခါ သူမနှင့် သူမ၏ ငယ်ရွယ်သော သမီးလေးတို့သည် အနီးနားရှိ စစ်ရှောင်စခန်း (IDP camp) တွင် သွားရောက်နေထိုင်ကြရသည်။ သူမနှင့် အခြားသောရွာသူရွာသားများသည် သူတို့၏ ကျေးရွာနှင့် လယ်ယာများသို့ ပြန်၍ ရသောအခါတွင် ပြန်လာကြပါသည်။ အားထွယ်သည် ဘုရားကျောင်းရှိ တနင်္ဂနွေကလေးများစာသင်ကျောင်း ဆရာမအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး သူမကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ဒေသအခြေပြုကူညီထောက်ပံ့ရေးအဖွဲ့ကို တည်ထောင်ရန် ကူညီပေးခဲ့သည်။

ခန္ဓာကိုယ်

အားထွယ်၏ ခန္ဓာကိုယ်တွင် ကလေးငယ်ဘဝက ဒဏ်ရာများ၏ အမာရွတ်များနှင့် ထင်းများစုဆောင်းစဉ်အတွင်း မတော်တဆမှုမှ ရရှိခဲ့သော ဒဏ်ရာအမာရွတ်များ ရှိနေသည်။ သွေးတိုးရောဂါနှင့် ခေါင်းကိုက်ခြင်းများသည် လက်ရှိအချိန်ထိ သူမခံစားနေရသော စိတ်ဖိစီးမှု၏ လက္ခဏာများပင်ဖြစ်သည်။

“ကျွန်မက ကျောက်တုံးတစ်တုံးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အရမ်းကို ကြံ့ခိုင်မာကြောသူတစ်ယောက်မို့လို့ပါ။”

မျှော်လင့်ချက်များနှင့် အိပ်မက်များ

အားထွယ်သည် ပထမဦးဆုံးအနေဖြင့် သူမ၏ ခင်ပွန်းဘာဖြစ်သွားသလဲဆိုသည်ကို သိချင်နေသည်။ သူမသည် အထူးသဖြင့် သူမစတင်ခဲ့သည့် ထောက်ပံ့ရေးအဖွဲ့၊ ရှင်သန်လွတ်မြောက်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်ရန် ရည်မှန်းထားပြီး လူမှုအသိုက်အဝန်းအတွင်း အကြမ်းဖက်မှုများအပြင် အရက်နှင့် မူးယစ်ဆေးသုံးစွဲများ ပပျောက်ရေးအတွက် ကူညီဆောင်ရွက်လိုသည်။ သူမ၏ နိုင်ငံအတွက် တရားမျှတမှုကို လိုချင်သည်။