About Women
မြန်မာနိုင်ငံရှိ အမျိုးသမီးများ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုအသိုင်းအဝိုင်းမှ အမျိုးသမီးများသည် ဆယ်စုနှစ်များစွာ အကြမ်းဖက်မှု၊ မတရားဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည့်တိုင် မယုံနိုင်လောက်သော စိတ်ခွန်အားနှင့် ခံနိုင်ရည်ရှိမှုများအား ပြသခဲ့ကြသည်။ မြန်မာစစ်တပ်သည် ၎င်းတို့၏အာဏာကို ဖီဆန်သည့် တိုင်းရင်းသားလူမျိုးစုများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားတိုက်ခိုက်သော ချိုးဖောက်မှုများအတွက် တာဝန်ရှိသည်။
ကချင်အမျိုးသမီးများ
မြန်မာနိုင်ငံ မြောက်ပိုင်း တောင်တန်းများပေါ်တွင် အခြေစိုက်သော ကချင်လူမျိုးများသည် မြန်မာနိုင်ငံတွင်း အခွင့်အရေးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်မှ စတင် တိုက်ပွဲဝင်ခဲ့ကြသည်။ သီးခြားကွဲပြားသော လူမျိုးစုတစ်ခုဖြစ်သည့် သူတို့သည် ခွဲခြားဆက်ဆံဖိနှိပ်မှုနှင့် မညီမျှမှုတို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ရသည်။ စာသင်ကျောင်းများတွင် သူတို့၏ဘာသာစကားကို ပိတ်ပင်ခံရသည်။ အထက်တန်းအဆင့် အစိုးရရာထူးနေရာများအတွက် အခွင့်အလမ်း အနည်းငယ်သာ ရှိသည်။ အများစုက ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာကြီးစိုးသောနိုင်ငံတွင် ဘာသာရေးလူနည်းစုအဖြစ် မကြာခဏ ဖိနှိပ်ခံရလေ့ရှိသည်။ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတွင်းများ တည်ရှိရာ ကချင်ပြည်နယ်ကို အဖိုးတန်နယ်မြေတစ်ခုအဖြစ် ရှုမြင်ကြသည်။ မြန်မာစစ်တပ်နှင့် ၎င်း၏ဆက်စပ်ကုမ္ပဏီများသည် မြေယာသိမ်းဆည်းမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့နှင့် ဆက်စပ်နေသည့် ကြီးမားသော သယံဇာတ ထုတ်ယူရေး စီမံကိန်းများအတွက် တာဝန်ရှိသူများဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အစဦးပိုင်းတွင် လွတ်လပ်ရေးအတွက် ရည်မှန်းကြိုးပမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဖက်ဒရယ် ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုလာခဲ့ကြသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကတိကဝတ်များတွင် အခြေခံကာ KIA သည် ၁၉၉၄ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးသည် ၁၇ နှစ် ကြာမြင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်က KIA နယ်မြေအတွင်း အမြောက်ကြီးများ၊ လေယာဉ်များနှင့် ပြင်းထန်စွာ ထိုးစစ်ဆင်လာချိန်တွင် ပျက်ပြယ်သွားခဲ့သည်။
နောက်ပိုင်းဆယ်စုနှစ်အတွင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာကာ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ မတရားဖမ်းဆီးခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ အပါအဝင် စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာစစ်တပ်သည် KIA နှင့် တော်လှန်ရေးအဖွဲ့များအား ထောက်ခံအားပေးမှုများ ဖြတ်တောက်ရန် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ရာနှင့်ချီသောကျေးရွာများ မီးလောင်ပျက်စီးခဲ့ပြီး အိမ်များနှင့်အိမ်တွင်းပစ္စည်းများ လုယက်ခံရကာ သိုလှောင်ထားသော အစားအစာများကိုလည်း ဖျက်ဆီးခဲ့ကြသည်။ လူအများအပြားသည် အသက်မွေးဝမ်းကျောင်းအလုပ်များ ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁၀၀၀၀၀ ကျော်မှာ အဓမ္မ နေရပ်စွန့်ခွာခဲ့ရသည်။ ဤကိုယ်ခန္ဓာပုံကားချပ်ခင်းကျင်းပြပွဲတွင် ပါဝင်သည့် အမျိုးသမီးအချို့အပါအဝင် အများစုသည် တရုတ်နိုင်ငံ နယ်စပ်ရှိ မြို့များနှင့် ဝေးလံခေါင်သီသော ဒေသများရှိ IDP စခန်းများတွင် ခိုလှုံခဲ့ကြရသည်။
မြန်မာစစ်တပ်သည် ကချင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စနစ်တကျကျူးလွန်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာစစ်တပ် စခန်းများအနီးတွင် နေထိုင်ကြသည့် စစ်ပြေးဒုက္ခသည်များနှင့် အမျိုးသမီးများသည် အန္တရာယ်ကြုံတွေ့နေရသည်။ KIA အတွက် အလုပ်လုပ်နေသော သို့မဟုတ် အလုပ်လုပ်သည်ဟု သံသယရှိခံရသော အမျိုးသမီးများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KIA နှင့် ၎င်း၏ PDF မဟာမိတ်များသည် မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး အကြမ်းဖက်မှုများလည်း တိုးလာခဲ့သည်။ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများတွင် အရပ်သားများ မကြာခဏ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများရှိခဲ့သည်။ မုဒိမ်းမှုနှင့် မုဒိမ်းမှု ကျူးလွန်ရန် ကြိုးပမ်းမှု အစီရင်ခံစာများ ဆက်လက်ထွက်ပေါ်နေပါသည်။ ကချင်ပြည်နယ်တွင် ထောင်နှင့်ချီသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ ရှိနေသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက SAC) က IDP စခန်းများကို ပိတ်ပစ်ရန် ခြိမ်းခြောက်နေပြီး ထောင်နှင့်ချီသော အမျိုးသမီးများ၏ ဘဝမှာ ပို၍ မတည်မငြိမ် ဖြစ်လာလျက်ရှိသည်။
ကရင်အမျိုးသမီးများ
မြန်မာနိုင်ငံ၏ အကြီးဆုံးလူမျိုးစုတစ်ခုဖြစ်သည့် ကရင်လူမျိုးများသည် နိုင်ငံ၏ အရှေ့ဘက်နယ်စပ် တောင်တန်းနှင့် အလယ်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် အခြေစိုက်နေထိုင်ကြပြီး သူတို့၏ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ရှိကြသည်။ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်မှ စတင်ကာ နိုင်ငံရေးအသိအမှတ်ပြုမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကရင်လူမျိုးများက ကြိုးပမ်းခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်သော နိုင်ငံရေး ကန့်သတ်ချုပ်ချယ်မှု၊ စီးပွားရေး ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ယဉ်ကျေးမှုအရ ဖိနှိပ်မှုများကို နှစ်ပေါင်း ၇၀ ကျော်ကြာ ရင်ဆိုင်ခဲ့ကြရသည်။
ကရင်လူမျိုးများသည် မြန်မာ့တပ်မတော်၊ ပြည်သူ့စစ်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားက လက်နက်ကိုင်ပဋိပက္ခများအတွင်း ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ဖြတ်သန်းလာခဲ့ကြသည်။ အရပ်သားများသည် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ်သားအဖြစ် စစ်မှုထမ်းစေခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တွေ့ကြုံရင်ဆိုင်ခဲ့ကြရသည်။
ဤကိုယ်ခန္ဓာရုပ်ပုံကားချပ်ကို ပုံဖော်ခြင်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသမီးအချို့အတွက် ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းကာလသည် မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ အလွန်ပြင်းထန်ခဲ့ပြီး အဆိုးရွားဆုံး ပဋိပက္ခကာလများထဲမှ တစ်ခုဖြစ်သည်။ ထိုအချိန်ကာလတွင် KNLA မှ အဖွဲ့တစ်ဖွဲ့ခွဲထွက်သွားပြီး မြန်မာတပ်မတော်နှင့် ပူးပေါင်းသွားခဲ့ပါသည်။ ထိုခွဲထွက်အဖွဲ့မှတဆင့် KNLA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်နေသူများ သို့မဟုတ် KNU အဖွဲ့အစည်းတွင် မိသားစုဝင်များပါဝင်နေကြသည့် ရွာသားများအကြောင်း ပေါက်ကြားခဲ့သည်။ ရလဒ်အနေဖြင့် ရွာပေါင်း ရာနှင့်ချီ၍ မီးရှို့ခံခဲ့ရပြီး လူအများအပြားမှာ ဖမ်းဆီးခြင်း၊ စစ်ကြောမေးမြန်းခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဤကာလအတွင်း ခင်ပွန်းဖြစ်သူများက တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသောကြောင့် ကရင်အမျိုးသမီး အများအပြားက ကျေးရွာသူကြီးတာဝန်ကို ရယူထမ်းဆောင်ခဲ့ကြရသည်။[ ကရင်အမျိုးသမီး ကျေးရွာသူကြီးများအကြောင်း ပိုမိုသိရှိလိုပါက ကရင်အမျိုးသမီးများအဖွဲ့၏ အစီရင်ခံစာနှစ်စောင်ကို ကြည့်ပါ- Kill Me Instead of Them https://karenwomen.org/2020/03/27/kill-me-instead-of-them/ နှင့် Walking Amongst Sharp Knives https://karenwomen.org/2010/08/27/walking-amongst-sharp-knives/] ရွာများတစ်လျှောက် သွားလာနေသော မြန်မာစစ်တပ်၏ တပ်ဖွဲ့များနှင့် မဖြစ်မနေ ပြောဆိုဆက်ဆံခဲ့ရပြီး အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ ပဋိပက္ခကြောင့် အမျိုးသားများ ထွက်ပြေးကြသဖြင့် သူတို့ (အမျိုးသမီး ရွာသူကြီးများ) နှင့် သူတို့၏ကျေးရွာများမှ အမျိုးသမီးများသည် အမျိုးသားများကိုယ်စား အဓမ္မလုပ်အားပေး ခိုင်းစေခံရလေ့ ရှိသည်။
ဆယ်စုနှစ်များစွာကြာမြင့်သည့် ပဋိပက္ခများကြောင့် ထောင်နှင့်ချီသော ကရင်လူမျိုးများသည် သူတို့၏ အိုးအိမ်များကို စွန့်ခွာကာ ဒုက္ခသည်စခန်းများနှင့် IDP စခန်းများတွင် ခိုလှုံခဲ့ရပါသည်။ ၂၀၁၂ အပစ်အခတ်ရပ်စဲပြီးနောက် အချို့မှာ နေရပ်ပြန်လာနိုင်ကြသော်လည်း အများအပြားသည် စခန်းများတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသည်။ “တနိုင်ငံလုံး“ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ဟု သမုတ်ကြသည့် သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နောက်နှစ်များတွင် ကရင်ပြည်နယ်တွင်း အချိန်မရွေးပျက်စီးနိုင်သော ငြိမ်းချမ်းရေး ရရှိခဲ့သည်။ အပစ်အခတ်ရပ်စဲရေးက စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ တိုးမြင့်လာစေရန် တံခါးဖွင့်ပေးခဲ့သော်လည်း စစ်သားအရေအတွက် တိုးမြင့်လာခြင်း၊ စစ်စခန်းသစ်များနှင့် စစ်တပ်ထိန်းချုပ်ထားသော လမ်းများ အပါအဝင် မြန်မာ့တပ်မတော်၏ အခြေစိုက်မှုများလည်း တိုးမြင့်လာခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများနှင့် ချိုးဖောက်မှုအသစ်များ ဖြစ်ပေါ်ခဲ့သည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်နှင့် ကျားမအခြေပြု အကြမ်းဖက်မှု လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရကြောင်း တင်ပြကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့တပ်မတော်၊ ကရင် ERO များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခများ သိသိသာသာ ကြီးထွားလာခဲ့သည်။ မြန်မာ့တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် အဆင်အခြင်မဲ့စွာတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကြောင့် အမျိုးသမီး ၃၀ အပါအဝင် အရပ်သား ၁၅၃ ဦးထက်မနည်း သေဆုံးခဲ့ရသည်။[] အချို့သော အစီရင်ခံစာများအရ ဒဏ်ရာရသူ အရပ်သားအားလုံး၏ ထက်ဝက်နီးပါးမှာ အမျိုးသမီးများဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ လူပေါင်း ၃၅၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ ကရင်ပြည်နယ်သည် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများနှင့် ပြည်တွင်းအခြားဒေသများက အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများမှ ထွက်ပြေးလာသူများအတွက် ခိုလှုံရာနေရာ ဖြစ်လာခဲ့သည်။ ယင်းကြောင့် ဒေသအရင်းအမြစ်များအပေါ် ဝန်ပိလာခဲ့သည်။ အိုးမဲ့အိမ်မဲ့ ပြောင်းရွှေ့လာရသော အမျိုးသမီးများသည် အလွန်ခက်ခဲသော နေရေးထိုင်ရေး အခြေအနေတွင် နေထိုင်ကြရပြီး ရေသန့်၊ မိလ္လာနှင့် ကျန်းမာရေး ဝန်ဆောင်မှုများလည်း မရရှိကြပါ။[ https://www.khrg.org/2022/11/international-day-elimination-violence-against-women] ထို့အပြင် ပဋိပက္ခနှင့် ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည်လည်း ပေါ်တာဆွဲခြင်းများ[ *insert footnote on portering, if needed]နှင့် ဆက်စပ်၍ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ အမျိုးသမီးများသည် မြေယာပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ်ချက်များနှင့် ပညာသင်ကြားခွင့်ရရှိရေးဆိုင်ရာ စိန်ခေါ်မှုများကဲ့သို့သော သိမ်မွေ့သော အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်း ပုံစံများကိုလည်း ဆက်လက်ရင်ဆိုင်နေကြရပါသည်။
တအာင်းအမျိုးသမီးများ
တအာင်း (ပလောင်ဟုလည်း တခါတရံ ရည်ညွှန်းသည်) သည် ရှမ်းပြည်မြောက်ပိုင်း တောင်တန်းဒေသများတွင် အဓိကနေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သည်။ အဆိုပါနယ်မြေတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသလည်း ပါဝင်ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုကို စုပေါင်း၍ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်။ တအာင်းလူမျိုး အများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး သီးခြားဓလေ့ထုံးတမ်းများကို ကျင့်သုံးကြပါသည်။ တအာင်းဘာသာစကားသုံးမျိုးရှိပြီး ဒေသိယစကားများလည်း ရှိသည်။
လူဦးရေ တစ်သန်းကျော်ရှိသော တအာင်းလူမျိုးများသည် လက်ဖက်ခြောက်ထုတ်လုပ်ခြင်းကြောင့် နာမည်ကျော်ကြားပြီး ဒေသ၏အဓိကစီးပွားရေးလည်းဖြစ်သည်။ ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု၏ အဓိကအချက်အချာနေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် အမျိုးသားနှင့် လူငယ်များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ အမျိုးသမီးများသည် အများအားဖြင့် မိသားစုကို ပြုစုစောင့်ရှောက်ရန် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေကြရင်းက မူးယစ်ဆေးစွဲနေသည့် မိသားစုဝင်များကြောင့် မိသားစုကို ရှာဖွေလုပ်ကိုင်ကျွေးမွေးကြရပြန်ပါသည်။ တအာင်းခေါင်းဆောင်များနှင့် တအောင်းလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် တအာင်းဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တိုက်ဖျက်ရန် အခိုင်အမာ ရပ်တည်ဆောင်ရွက်ခဲ့ကြသည်။
တအောင်းလူမျိုးများသည် မြန်မာအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုတိုက်ပွဲဝင်လာသည်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ပြီဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) (၁၉၆၃-၂၀၀၉) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) (၂၀၀၉ ခုနှစ်မှ ယခုအချိန်အထိ) တို့သည် မြန်မာ့တပ်မတော်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြပါသည်။
သည် မြန်မာ့တပ်မတော်သာမက အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာ့တပ်မတော်၏ မဟာမိတ် ပြည်သူ့စစ်များနှင့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်များတွင် တအာင်းဒေသသည် စစ်မြေပြင်တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲလာပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်အင်အား ၃၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၁၂၀၀၀ ကျော်အထိ တိုးလာသည်ဟု တအာင်းအမျိုးသမီးများအဖွဲ့ (TWO) က ခန့်မှန်းခဲ့သည်။ TNLA နှင့် သူ၏မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် “တနိုင်ငံလုံး” အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၀ ခုနှစ်နှောင်းပိုင်းကာလများတွင် ဒေသတွင်း သမိုင်းတွင် အပြင်းထန်ဆုံး တိုက်ပွဲအချို့ကို မြင်တွေ့ခဲ့ရသည်။
တအာင်းဒေသရှိ အရပ်သားများသည် ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများအပြင် လက်နက်ကိုင်အဖွဲ့များသို့ အတင်းအကြပ် စုဆောင်းခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရပါသည်။ အရပ်သားများသည် မြေမြှုပ်မိုင်းများ၊ လက်နက်ကြီးများနှင့် သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ စသည့်အန္တရာယ်များကို အမြဲတစေကြုံတွေ့နေရပါသည်။ အမျိုးသမီး အများအပြားသည် မိသားစုဝင်များဆုံးရှုံးရသည့်အပြင် တိုက်ပွဲကြားသို့ရောက်ရှိသွားရာမှ ဒဏ်ရာရရှိခဲ့ကြသည်။ ၂၀၁၀ ခုနှစ်များအကုန်တွင် လူပေါင်း ၁၅၀၀၀ ကျော်သည် သူတို့၏ နေအိမ်များကိုစွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများစုမှာ နိုင်ငံအတွင်း IDP နယ်မြေများတွင် ခိုလှုံနေကြရသည်။
ပဋိပက္ခနှင့် ဆက်နွှယ်သော နေရပ်စွန့်ခွာရွှေ့ပြောင်းမှုနှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးမှုသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေပြီး ထိုဒေသရှိ မဖွံ့ဖြိုးသေးသော လူမှုအသိုက်အဝန်းများအပေါ် ပူပင်သောကများ ထပ်လောင်းတိုးစေပါသည်။ ဤပြခန်းတွင် ပါဝင်ကြသော တအာင်းအမျိုးသမီးများကဲ့သို့ပင် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် ထောင်သောင်းနှင့်ချီသော တအာင်းလူမျိုးများသည် တရုတ်နိုင်ငံဖက်ရှိကြံစိုက်ခင်းများနှင့် မြို့ပြနေရာများတွင် အလုပ်လုပ်ရန်အတွက် တရုတ်နိုင်ငံနယ်စပ်ကို ပုံမှန်ဖြတ်သန်းနေကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်ပွဲနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ သက်သာရာရမှု မရှိခဲ့ဘဲ မျက်နှာစာပေါင်းစုံတွင် ပဋိပက္ခအများအပြား ဖြစ်ပွားလျက် ရှိသည်။ TNLA သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မတူကွဲပြားလူမျိုးစုများနှင့်လက်နက်ကိုင်များအပြိုင်ဖြစ်နေသည့် ဒေသတွင်း အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလျက်ရှိသည်။ TNLA အဖွဲ့ဝင်ဟု သံသယရှိသူ အမျိုးသမီးများနှင့် ဆွေမျိုးသားချင်းများကို တိုက်ခိုက်မှုများ တိုးမြင့်လာကြောင်း သိရသည်။ အမျိုးသမီးအဖွဲ့အစည်းများ အပါအဝင် တအာင်းတက်ကြွလှုပ်ရှားသူနှင့် လူ့အခွင့်အရေးအဖွဲ့ အများအပြားကို ပုန်းအောင်းခဲ့ရသည်။ လိင်အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အစီရင်ခံချက်များ ရရှိထားပြီး အမျိုးသမီးများသည် ဒဏ်ရာရရှိနိုင်မှု၊နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် သေဆုံးနိုင်မှု စသည့် အန္တရာယ်များကြားတွင် နေ့စဥ်ရှင်သန်နေထိုင်နေရလျက်ရှိသည်။ အကြမ်းဖက်ခံရမှုမှာလည်း ထိုဒေသရှိအမျိုးသမီးများ၏ဘဝဖြစ်စဥ် လိုဖြစ်လျက်ရှိသည်။